Monday, December 17, 2007

ပန်းရင့်ရောင်နာရီနဲ့ အထီးကျန်ကောင်မလေး


တစ်ခါကကောင်လေးတစ်ယောက်ဟာ

သူ့ချစ်သူ ကောင်မလေးကို

ပန်းရင့်ရောင်နာရီလေးပေးခဲ့ဘူးတယ်……

နာရီလေးကပြောတယ်

ကောင်လေးကကောင်မလေးကိုအရမ်းချစ်တယ်တဲ့

ကောင်မလေးကလည်း

ကောင်လေးကိုချစ်ပါတယ်လို့ပြန်ပြောခဲ့လေရဲ့ ….

နာရီလေးက

သူတို့ချစ်သက်သေပေါ့….

နာရီလေးရဲ့ အဖော်က

ကောင်မလေးရဲ့ လက်ကောက်ဝတ်ပေါ့

လှပတဲ့စက္ကန့်မိနစ်တွေကို

နာရီလေးရေတွက်ပေးခဲ့ဘူးတယ်….

ကောင်လေးလည်းကောင်မလေးကို

ကြင်နာခဲ့ဘူးတယ်…..

အချိန်လည်းပြောင်း

ကောင်မလေးလည်းဟောင်းလေတော့

နာရီလေးလည်း အရောင်ပြောင်း

ကောင်လေးလည်း………….

သြော်….ကောင်လေးရယ်..မချစ်တော့လို့လားကွယ်

မဖြစ်တော့လို့လားကွယ်

အခုတော့ ပန်းရင့်ရောင်နာရီလေးရယ်…

ရင်နာနေရက်နဲ့..ဟန်ဆောင်ရယ်မောယောင်..ပုံဆောင်နေပြီလားကွယ်……

….နာရီလေးငိုနေပြီ

ကောင်မလေးဆွေးလေပြီ

ကောင်လေးထားသွားပြီ

လက်ကောက်ဝတ်လေးအထီးကျန်ပြီ…..

ငိုနေတဲ့နာရီလေးက ကောင်လေးနဲ့ အဝေးကိုထွက်သွားသလို

အထီးကျန်လက်ကောက်ဝတ်လေးက

ကောင်မလေးနဲ့အတူ..နာရီလေးနဲ့ ကောင်လေးပြန်လာရာကိုမျှော်နေဆဲပါ…

Pinkishgirl
4th Nov,2007



ဒီကဗျာလေးက မွန်းရဲ့ကဗျာမဟုတ်ပါဘူး။ မွန်းက ကဗျာတွေ စာတွေ မဖွဲ့နွဲ့တတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကိုတော့ ကိုယ်ချင်းစာတတ်ပါတယ်။ ဒါမွန်းသူငယ်ချင်းတစ်ယောက်ရဲ့ ရင်ထဲက ခံစားရတဲ့ ကဗျာလေးပါ။ ဘာလို့ post စတင်တင်ချင်း ကိုယ်ပိုင်မတင်ပဲ လူများရေးထားတာ တင်ရလဲဆိုတာကတော့ မွန်းသူငယ်ချင်းကို မွန်းစာနာလို့ပါပဲ။ ဒီကဗျာလေးကို သူရေးပြီးကတည်းက “ မွန်းရေ နင့်ဘလော့ဂ်မှာ တင်ပေးပါလား” ဆိုပြီးပြောထားတာ အားလုံးသိတဲ့ အတိုင်းပဲ ဒီအပျင်းမလေးက ဘလော့ဂ်ကို ပစ်ထားတာလေ။ ဒါနဲ့ ဘလော့ဂ်ကို အသစ်လုပ်မယ်ဆိုတာနဲ့ သူ့ရဲ့ကဗျာလေးကို တင်ပေးလိုက်ရတာပါပဲ။ ဒီကဗျာလေးကို ဖတ်ပြီးရင်တော့ သူ့အကြောင်းလေးကို သိလောက်ပြီပေါ့နော်။ ထပ်မပြောပြတော့ဘူးနော်။ သူငယ်ချင်း ဖိုးမူရေ….အရာရာတိုင်းမှာ အသွားနဲ့အပြန်ဆိုတာ ရှိပါတယ်။ မေတ္တာစစ်ရင်တော့ ဖိုးမူဆီပြန်လာမှာပါကွယ်။

No comments: